Monday, July 23, 2012

လူကလေးသို့ပေးစာများ.



လူကလေးသို့ပေးစာများ.....

  ဒီစာလေးတွေကတော့ ကျတော်ဖတ်ဖူးတဲ့ ဒေါင်တာမြသန်းတင့်ရဲ့ လူကလေသို့ပေစားများ ထဲက
စာသားတစ်ချိုဖြစ်ပါတယ် (mcti)မှသူငယ်ချင်းတွေဖတ်ရအောင် ပြန်လည်းတင်ပြပေးလိုက်တာပါ...
ဖတ်ဖူးပြီးသား သူငယ်ချင်းတွေရော မဖတ်ဖူးသေးတဲ့သူငယ်ချင်းတွေရာ ဖတ်ကြည့်လိုက်ပါ.....
လူငယ်တွေဖတ်သင့်တဲ့စာလေးတွေပါ....


လန်ဒန် ဇူလိုင် ၂၄ရက်၊ ၁၇၃၉ ခုနှစ်။

လူလေး

နောက်ဆုံးအကြိမ် ဖေဖေနဲ့တွေ့တုန်းက သားဆီကို ဘာဖြစ်လို့ စာတွေ ဆက်မရေးတော့တာလဲလို့

မင်းကမေးတော့ ဖေဖေတော်တော် ဝမ်းသာသွားတယ်။ ဒါကိုကြည့်ရင် ဖေဖေရေးတဲ့စာတွေကို မင်းသဘောကျ

အလေးထားတယ်လို့ ဖေဖေယူဆတယ်။ ဒီလိုဆိုရင်တော့ စာတွေ မကြာမကြာရေးရဦးမှာပေါ့။

ဂရုစိုက်ပြီးဖတ်ရင် ဖေဖေရဲ့စာတွေဟာ မင်းအတွက် အသုံးကျလိမ့်မယ်လို့ ဖေဖေထင်တယ်။ ဘယ်စာပဲဖတ်ဖတ်၊

စာဖတ်တယ်ဆိုတာ အလေးထားပြီး မှတ်မှတ်သားသားဖတ်မှ အကျိုးရှိတာ။ ဒီလိုမှ မဟုတ်ရင် အချည်းနှီးပဲ။

လက်က တစ်ခုကို လုပ်နေပြီး စိတ်က တစ်ခြားကို တွေးနေတာမျိုးဟာ သေးနုတ်သိမ်ဖျင်းတဲ့ စိတ်ဓာတ်ရဲ့

အမှတ်လက္ခဏာ ဖြစ်တယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် ကိုယ်လုပ်နေတဲ့ အလုပ်ထဲ့ကို စိတ်ရောက်နေရမယ်။ စာကို

သင်အံလေ့ကျင့်တုန်းမှာ ကစားတဲ့ဆီကို စိတ်ရောက်မနေသင့်ဘူး။ ကစားနေတုန်းမှာ စာထဲကို စိတ်ရောက်

မနေသင့်ဘူး။ ဒီလိုမဟုတ်ဘဲ စာအုပ်ကို ရှေ့ဖြန့်ချပြီး တစ်ခြားကို စိတ်ရောက်နေရင် ကိုယ့်အဖို့ နှစ်ခါ ဒုက္ခရှာတာနဲ့

အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ခါ ပြန်ဖတ်ရတော့မှာကိုး။

ယဉ်ကျေးဖွယ်ရာမှုဟာ လူ့ဘဝမှာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်။ ယဉ်ကျေးဖွယ်ရာမှုဆိုတာ

သင့်တင့်လျောက်ပတ်တဲ့ အရာကို သင့်တင့်လျောက်ပတ်တဲ့ နေရာမှာ လုပ်တတ်တာကို ခေါ်တာ။ တချို့ကိစ္စများဟာ

အချိန်တစ်ချိန်၊ နေရာ တစ်နေရာမှာ သင့်လျော်ပေမယ့် တစ်ခြားအချိန်၊ တစ်ခြားနေရာမှာ

မသင့်လျော်ဘဲ ဖြစ်နေတတ်တယ်။ ဥပမာအားဖြင့် နေ့ခင်း အားလပ်တဲ့ အချိန်မှာ ကစားတာဟာ သင့်လျော်တယ်။

ဖွယ်ရာတယ်။ ဒါပေမယ့် ဆရာက စာသင်နေချိန်မှာ ထပြီးစွန်လွှတ်တယ်၊ ဇယ်တောက်တယ်ဆိုရင်

မသင့်လျော်ဘူးပေါ့။ မဖွယ်ရာဘူးပေါ့။ ဒါကို နားလည်ရမယ်။ ကောင်းကောင်းမွန်မွန်၊ အချိုးကျကျ ကတတ်တာဟာ

သင့်လျော်တယ်။ ဖွယ်ရာတယ်။ ဒါပေမဲ့ ကပွဲခန်းမတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာသာလျှင် ကရလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ

သီတင်းသီလ ဆောက်တည်ရာ ဘုရားရှိခိုးကျောင်းမှာ အသုဘမှာ သွားကတယ်ဆိုရင်တော့ မင်းကို အရူးလို့ပဲ

ကဲ့ရဲ့ကြမှာပဲ။ ဒီဥပမာကိုကြည့်ရင် ယဉ်ကျေးဖွယ်ရာခြင်းဆိုတဲ့ စကားကို မင်းသဘောပေါက်လောက်ရောပေါ့။

လူအများရဲ့ ချီးမွမ်းခြင်းကို ခံလိုရင် မင်းမှာ ယဉ်ကျေးဖွယ်ရာမှု ရှိရလိမ့်မယ်။ မင်းဟာ မင်းဆရာ မစ္စတာမိတ်တဲယားရဲ့

ချီးမွမ်းတာကိုတော့ ခံချင်မှာပဲ။ သူ့ချီးမွမ်းတာကို မခံရရင် ဖေ့ဖေ့ချီးမွမ်းတာကိုလည်း ခံရမှာ မဟုတ်ဘူး။

ဆရာပြောတာကို အလေးထားပြီး နားထောင်လိမ့်မယ်၊ သူနဲ့နေတုန်းမှာ တည်ကြည်လေးနက်ပြီး ယဉ်ကျေးဖွယ်ရာမှု

ရှိလိမ့်မယ်လို့လည်း ဖေဖေမျှော်လင့်တယ်။ ပြီးရင်တော့ မင်းကြိုက်သလောက် ကစားပါ။ ပြေးပါ။ ခုန်ပါ။




လန်ဒန် အောက်တိုဘာ ၂၆ ရက်၊ ၁၇၃၉ ခုနှစ်။

လူလေး

ကဗျာနဲ့ ဝစနာလင်္ကာဆိုတဲ့ နှုတ်မှုအတတ်ပညာဟာ နေရာများစွာမှာ ခြားနားကြတယ်။ ဒါပေမယ့်

အာဝဇ္ဇန်းကောင်းအောင် လုပ်ရာမှာတော့ ကဗျာဟာလည်း အလွန်အသုံးဝင်တယ်။ ဒါတင်မကဘူး။ ကဗျာမှာ

ဥပမာတွေ၊ ဥပစာတွေ၊ အလင်္ကာတွေ အများကြီးပါတယ်။ စကားပြေကို ဖတ်သလို ကဗျာကို ဖတ်ခြင်းဖြင့်လည်း

စကားအသုံးအနှုန်း ကောင်းလာနိုင်တယ်။ စကားတန်ဆာဆင်ယင်မှု ကျွမ်းကျင်လာနိုင်တယ်။ ကဗျာ အသုံးအနှုန်း၊

တစ်နည်းကဗျာရဲ့ ဘာသာစကား စာစကားပြေထက် ပိုပြီး နက်နဲသိမ်မွေ့တယ်။ စကားပြေမှာ ခွင့်ပြုမထားတဲ့

လွတ်လပ်ခွင့်တွေကို ကဗျာမှာ အသုံးပြုလေ့ရှိတယ်။ ဒါကို ကဗျာလိုင်စင် (ကဗျာလွတ်လပ်ခွင့်)လို့ ခေါ်တယ်။

ကဗျာနဲ့ စကားပြေကို သေသေချာချာ ဖတ်ရင် သူတို့နှစ်ခုရဲ့ ခြားနားချက်ကို မင်းအလွယ်တကူတွေ့ရလိမ့်မယ်။

စကားပြေမှာ ပြေသလို ကဗျာမှာ ကိုယ်ပြောချင်တဲ့ အရာကို အတည့်မပြောဘူး။ ရိုးရိုးစင်းစင်း မပြောဘူး။

သိုးကာသီကာပြောတယ်။ တန်ဆာဆင်ပြီး ပြောတယ်။ တိမ်ထူတဲ့ မနက်လို့ ညစောင့်က ရိုးရိုးပြောတဲ့ စကားမျိုးကို

ကဗျာ (အယ်ဒီဆင်ရဲ့ ကာတိုကဗျာ)မှာ ဒီလို ပြောထားတယ်။

အရုဏ်အုံဆိုင်း၊ မနက်ခင်းနိမ့်ဆင်း

တိမ်တွေနဲ့ လေးလံနေတဲ့နေ့

တရွေ့ရွေ့ဆက်သွား။

ဒါဟာ ကဗျာ အသုံးအနှုန်းပဲ။ တစ်လုံးချင်းကို ယူသုံးနိုင်ပေမယ့် စကားပြေမှာ ဒီအတိုင်းသွားသုံးလို့

မတင့်ပေဘူးပေါ့။ ဒီစာနဲ့အတူ ဝေါလက်ရဲ့ ကဗျာတွေကို ဖေဖေပို့လိုက်တယ်။ အလွန်ကဗျာဆန်ပြီးနိမိတ်တွေနဲ့

တင်းကြမ်းပြည့်နေတယ်။ ကဗျာက ဗျတ်စောင်းကို တီးနေတဲ့ မိန်းမပျိုတစ်ယောက်ကို ဖွဲ့ထားတဲ့ ကဗျာ။

ဗျတ်စောင်းဆိုတာ ကြိုးတွေ အများကြီး တပ်ထားပြီး လက်ချောင်းကလေးတွေနဲ့ တူရိယာပစ္စည်းကို ခေါ်တာ။

သည်လောက်ဂရုမထားတဲ့ အတို့အထိက

သည်လောက်လွမ်းဆွတ်စရာအသံ။

သူက အရေးမထားသလောက်

ငါတို့မှာ အရေးတကြီး။

တုန်ယင်နေတဲ့ ကြိုးများတစ်ဝိုက်

သူ့လက်ဖျားတွေ စုရုံးကြပြီး

အနမ်းတိုင်းမှာ သူတို့ရဲ့ ပီတိကိုပြောပြကြ။

အင်အားသေးသေးကလေး လှုပ်ရုံနဲ့

ထိုမျှတုန်ယင်ကြ။

လက်နဲ့ ထိလိုက်ရုံနဲ့

ဘယ်သူမတုန်ယင်ပဲရှိပါ့။

သူမက နားကို ညှို့တုန်းမှာ

အချစ်ကရပ်ပြီး နာသူရဲ့နားကို

မြားကျည်တောက်ကုန်အောင်ပစ်လွှတ်။

နူးညံ့ဂီတ၊ စိတ်ကိညှို့ငင်နူးစေရဲ့။

6

ဒီကဗျာထဲမှာပါတဲ့ ကဗျာ့အလှကို သတိပြုပါ။ မိန်းမပျို တီးခတ်လိုက်တဲ့

အခါမှာ ပေါ်ထွက်တဲ့ စောင်းသံတွေဟာ အဲဒီမိန်းမပျိုရဲ့ လက်ကို နမ်းရလို့

စောင်းကြိုးတွေရဲ့ ပျော်ရွှင်ကြည့်နူးမှုကို ဖော်ပြနေတဲ့ အသံတွေလို့ သူက ဖွဲ့ထားတယ်။ အဲဒီစောင်းကြိုးရဲ့

တုန်ယင်မှုတွေဟာလည်း ကိုယ့်ချစ်သူရဲ့ အတို့အထိကို ခံလိုက်ရတဲ့အခါ ခံစားရတဲ့ ပီတိနဲ့ အကြောက်ကြောင့်

တုန်ယင်နေတဲ့ ချစ်သူတစ်ယောက်ရဲ့ တုန်ယင်မှုနဲ့ တူတယ်တဲ့။ အချစ် (အချစ်ဆိုတာကိုတော့ မင်းသိပြီးသာပါ။

လေးရယ်၊ မြားရယ်၊ မြားကျည်တောက်ရယ် ကိုင်ထားတဲ့ သူငယ်ကလေး မြားနတ်မောင်ပေါ့။) က မိန်းမပျိုအနီးမှာ

ရပ်ပြီး သူ့မြားတွေနဲ့ လူတွေရဲ့ အသည်းနှလုံးကို ပစ်နေတယ်တဲ့။ ဒီလိုပစ်နေတဲ့ အခါမှာ မိန်းမပျိုရဲ့

ဂီတသံဟာ ပျော့ပျောင်းသွားပြီး သူတို့ကို အရှုံးပေးသွားစေတယ်တဲ့။ ကဗျာအဆုံးမှာ ကဗျာဆရာက မိန်းမပျိုကို

နီရိုးဘုရင်ကြီးနဲ့တင်စားသွားတယ်။ နီရိုးဘုရင်ကြီးဆိုတာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ရောမဧကရာဇ်

ဘုရင်ကြီးတစ်ပါးပေါ့။ ရောမမြို့ကြီးကို မီးတင်ရှို့ ပြီး မြို့ကြီးမီးဟုန်းဟုန်းတောက်နေတုန်းမှာ စောင်းတီးနေသူပေါ့။

ကဗျာဆရာများက အချစ်ကို မီးတောက်မီးလျှံတွေနဲ့ တင်စားသုံးနှုန်းလေ့ရှိတော့ နီရိုးက ရောမမြို့ကြီး

မီးလောင်နေတုန်းမှာ စောင်းတီးနေသလို မိန်းမပျိုဟာလည်း လူတွေ သူ့အတွက်

အချစ်မီးတောက်လောင်နေတုန်းမှာ စောင်းတီးနေတာတဲ့။ ဒီကဗျာတွေကို ဖေဖေနဲ့ မတွေ့ခင် အလွတ်ရအောင်

ကျက်ထားပါ။

ဒီကဗျာဟာ နည်းနည်းတော့ရှည်တယ်။ ကဗျာတစ်ကြောင်းမှာ ဝဏ္ဏဆယ်ခုရှိတယ်။ တစ်နည်း ပြောရရင်

ဂရုသံငါးခုရှိတယ်။ ဂရုသံတစ်ခုမှာ ဝဏ္ဏနှစ်စုရှိတယ်။

ဘယ်မြားတစ်စင်းမှ ခုခံမှုကို မတွေ့ရ။

သည်နည်းနဲ့လှပတဲ့ မင်းအောင်ပွဲရ။

သူ့ကိုယ်သူ မျက်လုံးရဲ့အောင်ပွဲပမာ

တစ်ခါက စောင်းပိုက်တဲ့ နီရိုဘုရင်

မီးလောင်နေတဲ့ ရောမမြို့ကိုကြည့်ရင်း

သူ့စောင်းကို တီးခတ်သလိုပ။ ။





ဘာ့သ် နိုဝင်ဘာ ၁ ရက်၊ ၁၇၉၃ ခုနှစ်။

လူလေး

ဝစနာလင်္ကာရ နှုတ်မှုအတတ်အကြောင်းကို ပြန်ကောက်ရဦးမယ်။ နှုတ်မှု အတတ်ဆိုတာ ကောင်းစွာ

စကားပြောတတ်တဲ့ အတတ်ပညာဖြစ်တယ်။ ဒီ အတတ်ပညာဟာ ဘဝအကွေ့တိုင်းမှာ အသုံးချတယ်။

အကွေ့အကောက်တော်တော်များများမှာ လိုအပ်တယ်။ ဒါကြောင့် ဒီအတတ်ပညာကို သတိမမေ့အပ်ဘူး။

လွှတ်တော်ထဲမှာဖြစ်စေ၊ သာသနာဘက်မှာ ဖြစ်စေ၊ ဥပဒေအတတ်မှာ ဖြစ်စေ နှုတ်မှုပညာမတတ်ရင် လူချွန်

မဖြစ်နိုင်ဘူး။ နေ့စဉ် ပြောဆိုတဲ့ နေရာမှာတောင် ကိုယ်ပြောချင်တဲ့ အရာကို မှန်မှန်ကန်ကန်၊ တိတိကျကျ

စကားပြောတတ်သူ၊ သက်တောင့်သက်သာနဲ့ အလေ့အထုံရှိတဲ့ စကားပြောကောင်းသူ တစ်ယောက်ဟာ အမှားမှား

အယွင်းယွင်း၊ မသပ်မရပ် စကားပြောသူ တစ်ယောက်ထက် အများကြီး အခွင့်သာတယ်။

ဖေဖေပြောဖူးတဲ့ အတိုင်း နှုတ်မှုအတတ်ပညာရဲ့ အလုပ်ဟာ လူတွေကို ဆွဲဆောင်သိမ်းသွင်းနားချဖို့

ဖြစ်တယ်။ လူတွေကို ဆွဲဆောင်နားချချင်ရင် သူတို့ သဘောကျသွားအောင် ပြောနိုင်ရမယ်။ လွှတ်တော်ထဲမှာဖြစ်စေ၊

တရားပလ္လင်မှာဖြစ်စေ၊ တရားရုံးမှာ ဖြစ်စေ လူပုံအလယ်မှာ စကားပြောရသူ တစ်ယောက်အဖို့ ကိုယ့်စကားကို

နားထောင်သူတို့ သဘောကျသွားအောင်ပြောတတ်ရင် ဘယ်လောက် အခွင့်သာသလဲဆိုတာ နောက်တော့

သိလာလိမ့်မယ်။ ဒီလိုဖြစ်ဖို့ရာဟာ နှုတ်မှုအတတ်ပညာမရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

စကားပြောကောင်းသူတစ်ယောက်ဟာ ကိုယ်ပြောနေတဲ့ အကြောင်းအရာနဲ့ ညီညွတ်တဲ့

စကားအသုံးအနှုန်းကို ပြောတတ်ရုံ၊ သဒ္ဒါစည်းကမ်းတွေနဲ့ ကိုက်ညီအောင် ပြောတတ်ရုံနဲ့ မလုံလောက်သေးဘူး။

ခမ်းခမ်းနားနား၊ သပ်သပ်ရပ်ရပ်လည်း ပြောတတ်ရမယ်။ ဆိုလိုတာက အကောင်းဆုံး၊ အရှင်းလင်းဆုံး

စကားလုံးတွေကို သုံးတတ်ရမယ်။ အဲဒီစကားလုံးတွေကို အသွားအလာ ရှေ့နောက်စီစဉ်တကျဖြစ်အောင်

အကောင်းဆုံး ထားတတ်ရမယ်။ ကိုယ်ပြောတဲ့ စကားတွေကို သင့်လျော်တဲ့ ဥပမာ၊ ဥပစာ၊ ဥပမေယျတွေနဲ့

ပြောတတ်ရမယ်။ ဖြစ်နိုင်ရင် ဇဝနဉာဏ်သုံးပြီး ရွှင်မြူးဖွယ်ဖြစ်အောင် ပြောတတ်ရမယ်။

ဥပမာ မင်းက မစ္စတာမိတ်တဲယားဆီမှာ အားလပ်ရက်တစ်ရက် ခွင့်တောင်းချင်တယ်ဆိုပါတော့။

“ကျွန်တော့်ကို အားလပ်ရက် တစ်ရက်လောက်ပေးပါ”လို့ တုံးတိကြီး ပြောမလား။ ဒီလို တုံးတိကြီး

သွားပြောတာမျိုးဟာ သူ့ကို ခွင့်ပေးချင်အောင် ဆွဲဆောင်ရာမရောက်ဘူး။ သူဟာ မင်းအပေါ်မှာ

စိတ်ကောင်းထားကြောင်း၊ အလိုလိုက်ကြောင်း။ ဒါကို အတွေ့အကြုံအရ သိပြီးဖြစ်ကြောင်း၊ ဒါ့ကြောင့်မို့ သူ့ကို

တစ်ခုတောင်းပန်လိုကြောင်း၊ အကယ်၍ တောင်းပန်တာကို လိုက်လျောခြင်း မပြုနိုင်လျှင်လည်း

စိတ်မကောင်းမဖြစ်သင့်ကြောင်း၊ သူအာရုံစိုက်လာအောင်၊ သူဘဝင်ကျသွားအောင် ပထမ ပြောပြရမယ်။

ဒီလို စကားပလ္လင်ခံပြီးတော့မှ မင်းလိုချင်တဲ့ အရာကို တင်ပြရမယ်။ မင်းကို

ခွင့်တစ်ရက်လောက် ပေးဖို့အကြောင်း၊ ခွင့်ပေးရင် ဘယ်နေရာကို သွားမယ့်အကြောင်း၊

ဘာလုပ်မယ့်အကြောင်းကို ပြောပြရမယ်။ ပြီးတော့ မင်းဟာ သူ့ဆီက ဒီလို မကြာခဏ ခွင့်ပန်ဖူးခြင်းမရှိကြောင်း၊

နောင်မှာလည်း မကြာခဏ ခွင့်ပန်မှာ မဟုတ်ကြောင်း၊ တစ်ခါတစ်ရံမှာ စိတ်ကို ခန္ဓာကိုယ်ကြီးကဖြစ်စေ၊

အလုပ်ကဖြစ်စေ ခွာပြီး အနားပေးသင့်ကြောင်း စသဖြင့် အကျိုးသင့်အကြောင်းသင့် ရှင်းပြရမယ်။

ဒီလိုရှင်းပြတဲ့အခါမှာ တတ်နိုင်လျှင် ဥပမာကလေး တစ်ခုနှစ်ခုနဲ့ ပြတတ်ရမယ်။ လေးကိုင်းများဟာ အမြဲညှို့မထားရင်၊

အမြဲကွေးမထားရင် ညှို့အားကောင်းသလို စိတ်ဟာလည်း မကြာခဏ ဆိုသလို အနားပေးထားရင်၊

ဖြေလျှော့ထားရင် ပိုပြီး ခွန်အားကောင်းလာတတ်ကြောင်း စသဖြင့် ပြောတတ်ရမယ်။

ဒီလိုစကားမျိုးကတော့ အသေးစား အာဝဇ္ဇန်းအတွက် နှုတ်မှုပညာ အသေးစား ဥပမာကလေးတွေပဲ။

ဒါပေမယ့် ဒါကိုကြည့်လိုက်ရင် နှုတ်မှုပညာတတ်ခြင်း၊ အာဝဇ္ဇန်းကောင်းခြင်းဆိုတာ ဘာလဲဆိုတာကို

မင်းသဘောပေါက်လိမ့်မယ်ထင်တယ်။ စကားပြောကောင်းခြင်း၊ အာဝဇ္ဇန်းကောင်းခြင်းဆိုတာ အချုပ်မှာတော့

ဆွဲဆောင်သိမ်းသွင်းတဲ့ အတတ်ပညာပဲ။ နောင်ပြဿနာကြီးတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာ ဒီအတတ်ပညာကို

မင်းရလာလိမ့်မယ်လို့ ဖေဖေမျှော်လင့်တယ်။









နိုဝင်ဘာ ၂၀၊ ၁၇၃၉ ခုနှစ်။

လူလေး

ခုအချိန်မှာ မင်းဟာ ရောမသမိုင်းကို ဖတ်နေတာ ဖြစ်လေတော့ ထိုက်သင့်တဲ့ အာရုံစိုက်မှု၊ ထိုက်သင့်တဲ့

အလေးထားမှုနဲ့ ဖတ်လိမ့်မယ်လို့ ဖေဖေမျှော်လင့်တယ်။ ရှေ့မှာ သွားနှင့်ခဲ့ကြသူတွေရဲ့ ကောင်းမှုတွေ၊

မကောင်းမှုတွေကို နမူနာပြပေးရာမှာ သမိုင်းဟာ အသုံးဝင်တယ်။ သမိုင်းကို ဖတ်ပြီး မှန်ကန်စွာ

သင်ခန်းစာယူတတ်ကြရမယ်။ ကြီးမြတ်တဲ့ တိဟိတ်ပုဂ္ဂိုလ်များဟာ သူတို့ အသက်ရှိစဉ်ကာလများတုန်က

ဘယ်လို လေးစားကြည်ညိုခြင်းကို ခံခဲ့သလဲ၊ တို့ခေတ်အထိလည်း သူတို့အမည်များဟာ

ဘယ်လောက်ဂုဏ်သတင်းကျော်စောသလဲဆိုတာကို သမိုင်းက ပြသနေတယ်။ ဒီလိုပြသပေးခြင်းဖြင့်

တို့ကို ကောင်းမှုကိုချစ်တတ်အောင်၊ လက်တွေ့လုပ်ချင်လာအောင် သမိုင်းက လှုံ့ဆော်ပေးတယ်။

ရောမသမိုင်းမှာ မြင့်မြတ်မှု၊ ရက်ရောမှု၊ စိတ်ထားကြီးမှုစတဲ့ ဥပမာတွေကို အခြားသမိုင်းများမှာထက်

ပိုပြီးတွေ့နိုင်တယ်။ ရောမခေတ်တုန်းက ကောင်စစ်ဝန်များ၊ အမိန့်ပြန်သူများဟာ (အဲဒီတုန်းက ခုံသမာဓိ

တရားသူကြီးများကို ဒီလိုပဲခေါ်ကြတယ်။) ထွန်းတုံး ပေါ်ကဆင်း၊

သူတို့တပ်မတော်ကြီး တွေကို ခေါင်းဆောင်ပြီးရန်သူတွေကို တိုက်ခိုက်ခဲ့ကြတယ်။ အောင်ပွဲရလို့

ပြန်လာတဲ့အခါမှာလည်း ထွန်တုံးဆီကို ပြန်သွားကြပြီး မိမိတို့ရဲ့ဘဝကို ရိုးရိုးကုပ်ကုပ် အနားယူရင်း

ကုန်ဆုံးစေခဲ့ကြတယ်။

သူရဲကောင်း ကျူးရီးယတ်စ်ဟာ သူ့ကိုယ်ပိုင် ငွေကြေးရယ်လို့ တစ်ပြားတစ်ချပ်မှ ရှိတာမဟုတ်ဘူး။

ဆန်နှိုက်လူမျိုးတွေက သူ့ကို ငွေကြေးတွေ အများကြီးပေးတော့ သူကိုယ်တိုင် ပိုက်ဆံရှိတာထက် ပိုက်ဆံရှိသူတွေကို

အုပ်ချုပ်ကွက်ကဲရတာက ပိုပြီး ဂုဏ်ရှိတယ်ဆိုပြီး ပေးတဲ့ ပိုက်ဆံတွေကို ငြင်းပယ်ခဲ့တယ်။ ရောမတပ်မတော်ကြီးကို

မကြာခဏ ကွပ်ကဲခဲ့ရပြီး မကြာခဏအောင်ပွဲရခဲ့တဲ့ စစ်သူကြီး ဖေးဘရီးယတ်စ်ဟာ မီးဖိုကလေးဘေးမှာ ထိုင်ပြီး

သူ့ကိုယ်ပိုင်လယ်ယာမှာ သူကိုယ်တိုင်ထွန်ယက်စိုက်ပျိုးခဲ့တဲ့ သစ်သီးဝလံတွေကိုပဲ စားခဲ့တယ်၊ စစ်သူကြီး

ဆီပီယိုဟာ စပိန်ပြည်ကို သွားတိုက်ပြီး တိုက်ပွဲအောင်တော့ သုံ့ပန်းတွေ ဖမ်းမိခဲ့တယ်။ အဲဒီ သုံ့ပန်းတွေထဲမှာ

အလွန်ချောမောတဲ့ မင်းသမီးကလေးတစ်ပါး ပါလာတာကိုတွေ့ရတယ်။ အဲဒီ မင်းသမီးကလေးဟာ မကြာခင်မှာပဲ

သူနဲ့ အဆင့်အတန်းတူညီတဲ့ မင်းသားတစ်ပါးနဲ့ စူလျားရစ်ပတ်တော့မယ်လို့လည်း သတင်းကြားရတယ်။ ဒီတော့

စစ်သူကြီးက အဲဒီ မင်းသမီးကလေးကို သူ့ခမည်းတော်ရဲ့ စံအိမ်မှာရှိစဉ်ကလို အဆောင်အယောက်၊

အခမ်းအနားတွေ၊ အထိန်းတော်၊ အကတော်တွေနဲ့ သေချာစွာထားတယ်။ အဲဒီမင်းသမီးလေးရဲ့ ချစ်သူကို

ရှာလို့တွေ့တာနဲ့ သူတို့နှစ်ဦးကို လက်ထပ်ပေးလိုက်ပြီး သူ့ကို ရွေးနုတ်ယူဖို့ သူ့ခမည်းတော်ကပေးလိုက်တဲ့

ပိုက်ဆံထဲက အချို့ အဝက်ကိုလည်း လက်ဖွဲ့လိုက်တယ်။

ဒီအဖြစ်အပျက်ဟာ နိုင်ထက်ကလူ မပြုခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊

စိတ်သဘောထားကြီးခြင်းတို့ကိုပြတဲ့ ထင်ရှားတဲ့ နမူနာတစ်ခုဖြစ်တယ်။ ဒီအရည်အချင်းတွေကြောင့်ပဲ စစ်သူကြီး

ဆီပီယိုဟာ စပိန်ပြည်သူတွေရဲ့ နှလုံးသည်းပွတ်ကို ဆွတ်ခူးနိုင်ခဲ့တယ်။

ဒီလို စပိန်လူမျိုးတွေရဲ့ ချစ်ခင်မှုကို ရခဲ့တာဟာ ကောင်းမြတ်တဲ့ အကျင့်ကို သရဖူဆောင်းပေးလိုက်တဲ့

ဆုလာဘ်ပဲ ဖြစ်တယ်။ မင်းဟာ ကြီးမြတ်ထင်ရှားပြီး ကောင်းမြတ်တဲ့လူတစ်ယောက် ဖြစ်ချင်ရင် အဲဒီစရိုက်တွေကို

အတုယူရမယ်။ ချမ်းမြေ့ပျော်ရွင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အတွက် အဲဒီနည်းဟာ တစ်ခုတည်းသော

နည်းလမ်းဖြစ်တယ်။ အာဒီးယူး။











11

စာ-၇

ဗုဒ္ဓဟူးနေ့။

လူလေး

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မစ္စတာဘိုဒင်ရဲ့ အိမ်မှာ မင်းပြော

ဆိုဆက်ဆံပုံတွေ ကောင်းတဲ့အတွက်ချီးမွမ်းတာကို ခံထိုက်ပါပေတယ်။ ပြီးတော့

မင်းဒီလိုနေထိုင်တာကိုမြင်လိုက်ရတော့ လိမ္မာယဉ်ကျေးခြင်းနဲ့ ပတ်သတ်တဲ့

စည်းကမ်းတချို့တလေကိုလည်း ဖေဖေပြောချင်လာတယ်။ ဒီစည်းကမ်းတွေကို မင်းလိုက်နာလိမ့်မယ်လို့လည်းဖေဖေ

ပြောချင်လာတယ်။

လူအများရဲ့ အထင်ကြီးလေးစားမှု၊ ချစ်ခင်မြတ်နိုးမှုကို ခံချင်ရင် ပညာရှိဖို့လိုသလို သမာဓိနဲ့

သီလလည်းရှိဖို့လိုတယ်။ လူတောထဲမှာ၊ စကားဝိုင်းမှာ မင်းကိုသဘောကျပြီးဆီးကြိုစေချင်ရင် ယဉ်ကျေးသိမ်မွေ့မှုနဲ့

လိမ္မာယဉ်ကျေးခြင်းတို့ရှိဖို့လည်း အလားတူလိုအပ်တယ်။ သီလ၊ သမာဓိ၊ ပညာ စတဲ့ကြီးကျယ်တဲ့

အရည်အချင်းတွေဟာ သာမန်လူတွေအထက်မှာရှိတယ်။ သာမန်လူများဟာ ဒီအရည်အချင်းတွေကို

ပိုင်လည်းမပိုင်ကြဘူး။ သူများတွေမှာရှိရင်လည်း အကဲမဖြတ်တတ်ကြဘူး။ ဒါပေမယ့် ယဉ်ကျေးသိမ်မွေ့ခြင်း၊

နှစ်လိုဖွယ်ကောင်းခြင်း၊ အလိုက်သိတတ်ခြင်း၊ ရည်မွန်စွာ ပြောဆိုဆက်ဆံတတ်ခြင်း စတဲ့ အငယ်စား

အရည်အချင်းကလေးတွေနဲ့ ပတ်သတ်လာရင်တော့ သာမန်လူတွေဟာ တရားသူကြီးဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရည်အချင်းတွေမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိပြီး လူ့အဖွဲ့အစည်းကြီးကို

သက်တောင့်သက်သာဖြစ်အောင်၊ ကျေနပ်စရာကောင်းအောင် လုပ်ပေးတယ်ဆိုတာကို

သူတို့သဘောပေါက်ကြလို့ပဲ။

လိမ္မာယဉ်ကျေးခြင်း ရှိသင့် မရှိသင့်ကို နေရာတော်တော်များများမှာ စဉ်းစားဉာဏ်နဲ့ ဆုံးဖြတ်ရမယ်။

ဘာဖြစ်လို့လဲဆိုတော့ တချို့အရာတွေဟာ အချိန်တစ်ချိန်မှာ လူတစ်ယောက်အတွက် ယဉ်ကျေးတယ်

လို့မြင်နေပေမယ့် အခြားအချိန်တစ်ချိန်မှာ အခြားလူ တစ်ယာက်အဖို့ တစ်မျိုးမြင်နေတတ်လို့ပဲ။ ဒါပေမယ့်

ဘယ်နေရာပဲဖြစ်ဖြစ် အမြဲမှန်နေတဲ့ လိမ္မာယဉ်ကျေးခြင်းနဲ့ ပတ်သတ်တဲ့ ယေဘုယျ စည်းကမ်းတွေတော့ ရှိတယ်။

ဥပမာအားဖြင့် လူတစ်ယောက်နဲ့ စကားပြောရင် သူ့ရဲ့ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ အသက်အရွယ်ကို

လိုက်ပြီးဟုတ်ကဲ့ခင်ဗျာ၊ မဟုတ်ပါဘူးခင်ဗျာ စသည်ဖြင့် ခင်ဗျာထည့်သုံးရမယ်။ ဒီလို မသုံးဘဲ ဟုတ်ကဲ့၊ မဟုတ်ဘူး

စသဖြင့်တုံးတိကြီး ပြောတာမျိုးဟာဘယ်ချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် ရိုင်းပျရာ ရောက်တယ်။ ပြင်သစ်စကားမှာ

ဟုတ်ကဲ့ မွန်စီယာ၊ ဟုတ်ကဲ့မဒမ်၊ ဟုတ်ကဲ့မတ်မွိုင်ဇယ် စသဖြင့် သုံးသလိုပေါ့။ ပြင်သစ်စကားမှာ အိမ်ထောင်ရှိတဲ့

အမျိုးသမီးကို မဒမ်လို့ သုံးပြီး၊ အိမ်ထောင်မရှိတဲ့ အမျိုးသမီးကို မတ်မွိုင်ဇယ်လို့ သုံးတာကိုတော့

မင်းသိပြီး ဖြစ်မှာပေါ့။

လူတွေက ကိုယ့်ကိုစကားလာပြောရင်ထိုက်သင့်တဲ့ အာရုံ ဝင်စားမှုကိုမပြတာ၊ ယဉ်ကျေးတဲ့အဖြေကို

မပေးတာဟာလည်း အလွန်ရိုင်းတယ်။ ကိုယ့်ကို စကားပြောနေတုန်းမှာ တခြားကိုထသွားတာ၊ ဒါမှမဟုတ်

ဒီပြင်အလုပ်တစ်ခုကို ကောက်လုပ်နေတာမျိုးဟာလည်း အလွန်ရိုင်းတယ်။ ဒီလိုလုပ်လိုက်တော့ တစ်ဖတ်သားက

သူ့ကိုအထင်သေးလို့ လုပ်တာလို့ ထင်သွားနိုင်တယ်။ သူပြောတဲ့စကားဟာ နားထောင်လောက်အောင်တန်ဖိုးမရှိလို့၊

ပြန်ဖြေရလောက်အောင်တန်ဖိုးမရှိလို့ ဒီလိုလုပ်တာလို့ထင်သွားနိုင်တယ်။

12

ပြီးတော့အခန်းထဲမှာ ကိုယ့်က အကောင်းဆုံးနေရာမှာ ဝင်ထိုင်တာ၊ ထမင်းစားပွဲမှာဘယ်သူမှမစားခင်

ကိုယ်ကြိုက်တဲ့အစားအစာကိုဇက်ခနဲ ကောက်စားလိုက်တာ၊ တခြားဘယ်သူမတွေဘာဖြစ်နေနေ ဂရုမစိုက်တဲ့ပုံမျိုးနဲ့

ဘယ်သူကိုမှဦးစားမပေးပဲ ကိုယ်ကအရင်ကောက်စားလိုက်တာမျိုးဟာလည်း အလွန်ရိုင်းတယ်

ဆိုတာ ဖေဖေပြောစရာတောင် မလိုဘူးထင်တယ်။ စားသောက်ရာမှာ ဒီလိုအလုပ်သင့်ဘူး။ ကိုယ်နဲ့အတူ ရှိနေသူတွေ

အဆင်ပြေရေးကို တတ်နိုင်သမျှ ဦးစားပေးရမယ်၊ လိမ္မာယဉ်ကျေးခြင်းဆိုတာတမင်လုပ်ယူတာမျိုး မဖြစ်စေရ၊

သက်တောင့်သက်သာပဲလွယ်လင့်တကူနဲ့ယဉ်ကျေးတာမျိုးဖြစ်ရမယ်။

လူကြီးလူကောင်းတစ်ယောက်ရဲ့ အမူအရာမျိုးနဲ့ ယဉ်ကျေးတာမျိုးဖြစ်ရမယ်။

ဒီနေရာမှာပြင်သစ်လူမျိုးတွေကို လေ့လာသင့်တယ်။ ရှက်တတ်ကြောက်တတ်တာနဲ့ပတ်သတ်လို့ပြောရဦးမယ်။

အမှန်ကိုလုပ်ဖို့ ဘယ်တော့မှ ရှက်ကြောက်ခြင်းမရှိပါနဲ့။ ဒါကို အမြဲသတိရပါ။ ကိုယ်က လိမ္မာယဉ်ကျေးခြင်း

မရှိဘူးဆိုရင်တော့ အလွန်ရှက်စရာကောင်းတယ်။ ဒါပေမယ့် ကိုယ်က ယဉ်ကျေးတယ်ဆိုရင် ဘာဖြစ်လို့ ရှက်ရမှာလဲ။

ဘာကိုရှက်ကြောက်နေရမှာလဲ။ ဘယ်နှစ်နာရီထိုးပြီလဲလို့လာမေးတာမျိုးကို ကိုယ်က အလွယ်တကူ၊ သဘာ ဝကျကျ၊

ယဉ်ယဉ်ကျေးကျေးနဲ့ မဖြေနိုင်စရာဘာအကြောင်းရှိသလဲ။

ဒီလိုရှက်ကိုးရှက်ကန်း ဖြစ်တာမျိုးကိုပြင်သစ်တွေက`သနားစရာအရှက်´ လို့ မှန်မှန်ကန်ကန်ပဲ

နာမည်ပေးထားကြတယ်။ ဒီလိုရှက်ကိုးရှက်ကန်းဖြစ်နေတာဟာ လူဖျင်းလူညံ့တစ်ယောက်ရဲ့

သိသာထင်ရှားတဲ့လက္ခဏာတစ်ခုပဲ။ အင်္ဂလိပ်လူဖျင်းလူညံ့တစ်ယောက်ဟာ ရည်မွန်တဲ့လူများနဲ့တွေ့ရင် ဒီလိုပဲ

စကားပြောရမှာကို သေမလောက် ကြောက်တယ်မဟုတ်လား။ မရှောင်သာ လို့စကားပြောရရင်လည်း

မျက်နှာတွေနီမြန်းထူပူပြီး အထစ်ထစ်အငေါ့ငေါ့ နဲ့စကားကို လေလုံးကွဲအောင်မပြောတတ်တော့ဘူး။

သူတစ်ပါးရယ်မှာကို အခြေအမြစ်မရှိဘဲကြောက်နေပုံကို ကြည့်ရတာကိုက ရယ်စရာကောင်းနေပြီ။ ဒါပေမယ့်

လိမ္မာယဉ်ကျေးသူတစ်ယောက်ကတော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံး ဘုရင်ဧကရာဇ်နဲ့တွေ့ရင်လည်း

မင်းနဲ့စကားပြောနေလို ကြောက်လန့်မှုမရှိဘဲ အေးအေးဆေးဆေး လွယ်လွယ်ကူကူနဲ့ စကားပြောမှာပဲ။

ဒီတော့ ယဉ်ကျေးသိမ်မွေ့ခြင်း၊ သက်တောင့်သက်သာ သဘာဝကျကျယဉ်ကျေးသိမ်မွေ့ခြင်း( ဒါကို

လိမ္မာယဉ်ကျေးတယ်လို့ ခေါ်ကြတယ်။)ဟာ အပေါင်းအဖော်များရဲ့ ချစ်ခင်ခြင်း၊ ကောင်းစွာ ဆီးကြိုခြင်းကို

ခံရတဲ့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ရိုင်းပျခြင်း၊ ရိုင်းစိုင်းခြင်းဟာ သည်းမခံ နိုင်စရာကောင်းပြီး

အပေါင်းအသင်းများရဲ့ ဖဲကြဉ်ခြင်းခံရတဲ့နည်းဖြစ်တယ်။ ရှက်ကိုးရှက်ကန်းဖြစ်ခြင်းဟာလည်း

လူရယ်စရာကောင်းတယ်။ ဒါတွေကို မင်းကောင်းကောင်းသတိရပါ။ ဖေဖေ ပြောတဲ့အချက်တွေကိုဂရုစိုက်ပြီး

လက်တွေ့လည်း လိုက်နာလိမ့်မယ်လို့ဖေဖေယုံကြည်တယ်။ ဒါကြောင့်မို့ မင်းကြီးပြင်းလာရင်မင်းဟာ အင်္ဂလန်ပြည်က

မင်းရွယ်တူတွေမှာ အကောင်းဆုံးအတော်ဆုံးကျောင်းသားနဲ့ အလိမ္မာအယဉ်ကျေးဆုံး

သူငယ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဖေဖေယူဆတယ်။ အာဒီးယူး



Show/Hide

No comments: